တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ အရပ်သားပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မေ ၂၆ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ KIA လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဟန်းတဲရပ်ကွက်နေ ဒေါ်ချောမေ(၅၄)နှစ်နှင့် မံဖာကျေးရွာနေ မခိုင်ဇင်ဝင်း(၃)နှစ်တို့တွင် ဗုံးသီးစထိမှန် ဒဏ်ရာများရရှိခဲ့ပြီး နောင်ခိုရပ်ကွက်နေ ဦးကျော်မြ(၇၉)နှစ်၏ နေအိမ်အမိုးသွပ်များ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများအား ဆေးကုသနိုင်ရေး ဗန်းမော်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အပြစ်မဲ့ပြည်သူများအား ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးဆုံးရှုံးစေရန် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များကလိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Featured