လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် စစ်ရေးပစ်မှတ်မဟုတ်သည့် မြို့ပေါ်ရပ်ကွက်များအတွင်း တိုက်ပွဲဖော်ဆောင်၍ အပြစ်မဲ့ အရပ်သားပြည်သူများအား ငဲ့ညှာထောက်ထားခြင်းမရှိဘဲ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များ ပစ်ချဖောက်ခွဲခြင်းများစသည့် အကြမ်းဖက်တိုက်ခိုက်မှုများအား လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေ ၉ ရက် ည ၉ နာရီ ၂၅ မိနစ်တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် သံဃာတော် တစ်ပါး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၁၄ ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဗန်းမော်မြို့ပေါ်ရပ်ကွက်များအတွင်း၌ KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က တိုက်ပွဲဖော်ဆောင်ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရပ်ကွက်များအတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်ရှိ ကမ်းနားရိပ်သာဘုန်းကြီးကျောင်းတိုက်မှ ဆရာတော် ဥူးအဂ္ဂဝံဿ(၄၈)နှစ်၊ ဝါတော်(၂၇)ဝါနှင့် အဆိုပါဘုန်းကြီးကျောင်း၌ ရှိနေကြသူများဖြစ်သည့် ကိုမျိုးမင်းကျော်(၂၉)နှစ်၊ ကိုသာဟိန်း(၂၅)နှစ်၊ ဦးအောင်လေး(၃၃)နှစ်၊ ဦးရှောက်တီး(၃၂)နှစ်၊ ဦးမောင်ဦး(၄၅)နှစ်၊ မောင်မျိုးခန့်ပိုင်(၁၁)နှစ်၊ ဒေါ်ဌေး(၄၃)နှစ်၊ မသပြေနှင်းသွေး(၁၉)နှစ်၊ မနွေနှင်း(၂၅)နှစ်၊ ဦးကျော်စွာမြင့်(၅၆)နှစ်၊ မနန်းကေဇင်လင်း(၁၅)နှစ်၊ ဒေါ်မေသူကြွယ်(၅၆)နှစ်နှင့် မမေသက်မှူးခင်(၁၆)နှစ်တို့ ၁၄ ဦးတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် သာသနာ့အနွယ်ဝင် သံဃာတော်များ အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။