တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ်သားပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဧပြီ ၃ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ မံဖာကျေးရွာသို့ KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် မံဖာကျေးရွာအနီးသို့ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာအနီးသွားလာနေသည့် မံဖာကျေးရွာနေ မောင်ထက်မြတ်အောင်(၁၃)နှစ်၊ မောင်ဇေယျာမိုး(၁၄)နှစ်နှင့် မောင်သက်နိုင်ဦး(၁၆)နှစ်တို့တွင် လက်နက်ကြီးကျည်ပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဗန်းမော်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲသို့ PDF အမည်ခံ အကြမ်းဖက်သမား အင်အား (စိစစ်ဆဲ)က Drone ယာဉ်ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့ရာ အဆိုပါကျောင်းဝင်းအတွင်းသို့ Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာအနီးရှိနေသည့် ဝက်ပုတ်ကျေးရွာနေ မဇင်ဇင်ဇော်(၁၉)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဝက်ပုတ်ကျေးရွာရှိ ကျေးရွာဆေးပေးခန်း၌ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အပြစ်မဲ့ အရပ်သားပြည်သူများအား ထိခိုက်ဒဏ်ရာများရရှိအောင် လက်နက်ကြီးများ၊ Drone ယာဉ်ဖြင့် Drop Bomb များပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Featured