တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကို လိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ်သားပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင် လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မေ ၇ ရက် နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီးကျည်နှင့် ရှော့တိုက်ဒုံးသီးများ ကျရောက်ပေါက်ကွဲ ခဲ့မှုကြောင့် မိုးဖိန်းကျေးရွာနေ ဒေါ်ကျိန်းပန့်(၅၉)နှစ်၊ မံရွတ်ကျေးရွာနေသူများဖြစ်ကြသည့် ဒေါ်စိုးစိုးနွယ် (၂၄)နှစ်၊ ဒေါ်ယုံ(၅၅)နှစ်၊ မဖြူဖြူဝေ(၂၄)နှစ်၊ ဦးဖိုးကို(၅၀)နှစ်၊ ဒေါ်ရင်မေ(၅၅)နှစ်၊ ရွှေကျီးနား ရပ်ကွက်နေ ဦးကျော်စိန်(၆၉)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ကာ ရွှေကျီးနားရပ်ကွက်နေ ဒေါ်လှိုင်(၅၀)နှစ်မှာ သေဆုံးသွားခဲ့၍ သေဆုံး၊ ဒဏ်ရာရရှိသူများအား ဗန်းမော်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ ညနေ ၆ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ မကြီးပင်တဲကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က Drone ယာဉ်အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းသို့ Drop Bomb တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ မကြီးပင်တဲ ကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲမှ လက်ထောက်မူလတန်းပြဆရာမဖြစ်သူ ဒေါ်အိအိ (၂၈)နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများ၊ Drone ယာဉ်အသုံးပြု၍ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Featured