မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကရင်လေးဆိပ်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ်ရှိ တံတားအမှတ်(၁/၁၃၇)အား ဇူလိုင် ၁၇ ရက် နံနက် ၄ နာရီ ၂၀ မိနစ်တွင် KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၇ ရက် နံနက် ၄ နာရီ ၂၀ မိနစ်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကရင်လေးဆိပ်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်သွားကားလမ်း၊ မိုင်တိုင်အမှတ် ၁၃၆ မိုင် ၂ ဖာလုံနှင့် ၁၃၆ မိုင် ၃ ဖာလုံကြားရှိ တံတားအမှတ်(၁/၁၃၇) ဒေသအခေါ် “ဘိုခန်းကွင်း” တံတားအား KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် အရှည် ၁၀ ပေ၊ အကျယ် ၄၀ ပေခန့်ရှိ တံတားတစ်စင်းကျိုးကျပျက်စီးဆုံးရှုံးခဲ့ပြီး မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍မရကြောင်းနှင့် တံတားအား ပြန်လည်ပြုပြင်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် အစိုးရ၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်နှင့် ဒေသတွင်းလမ်းပန်းဆက်သွယ်ရေး ပြတ်တောက်စေရန်ရည်ရွယ်ချက်ရှိရှိဖြင့် ယခုကဲ့သို့ အများပြည်သူများ ဖြတ်သန်းသွားလာအသုံးပြုလျက်ရှိသည့် တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကရင်လေးဆိပ်ကျေးရွာအနီး တံတားတစ်စင်းအား အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက
မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှု မှတ်တမ်းဓာတ်ပုံ။