အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေး ထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာရုံးအဆောက်အအုံများနှင့် လူနေအိမ်များ၊ ခရီးသည်တင် မော်တော်ယာဉ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဧပြီ ၄ ရက် ည ၉ နာရီတွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၁၃၁ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြား၌ ယာဉ်မောင်း ဦးဇေယျာလင်း(၃၈)နှစ် မောင်းနှင်ပြီး ခရီးသည် ၄၈ ဦး လိုက်ပါလာသည့် ရန်ကုန်-ရေး ပြေးဆွဲသော “အောင်ကျော်မိုး” ခရီးသည်တင်ယာဉ်လိုင်းမှ 3N-XXXX ခရီးသည်တင်ယာဉ်အား KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အား (စိစစ်ဆဲ)က မိုင်းဆွဲတိုက်ခိုက်ကာ သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မော်တော်ယာဉ်၏ ဘေးပတ်လည်မှန်များနှင့် ယာဉ်ကိုယ်ထည်တို့တွင် မိုင်းစထိမှန်ပျက်စီးခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသူ ခရီးသည်များအနက် ဦးဇင်ကိုလတ်(၂၉)နှစ်တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးထွန်းထွန်း(၅၀)နှစ်၊ ကိုဇေယျာထွန်း(၂၇)နှစ်နှင့် မနှင်းဝေဇင်(၁၇)နှစ်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့၍ သေဆုံး၊ ဒဏ်ရာရရှိသူများအား သထုံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ခရီးသွားမော်တော်ယာဉ်အား အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်၍ အပြစ်မဲ့ ပြည်သူအချို့အား သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိစေခဲ့သော အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်း ရရှိသည်။
Featured