Language: Myanmar English

Featured

KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

     တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား လူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲလည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဧပြီ ၇ ရက် နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ တံတား(အနောက်)ကျေးရွာ၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ သေဆုံးသွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွနေသူများဖြစ်ကြသည့် ဦးအောင်ရင်(၇၅)နှစ်၊ ဦးအောင်ကို(၄၂)နှစ်နှင့် ဒေါ်ဌေး(၆၁)နှစ်တို့သည် ၎င်းတို့၏နေအိမ်အသီးသီး၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ငါးဦး (စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့်ရောက်ရှိလာပြီး “ဒလန်၊ သတင်းပေးများ” ဟု စွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့သုံးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     အလားတူ ဧပြီ ၇ ရက် နံနက် ၁၀ နာရီခွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ဖြူနပ်ကျေးရွာ၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်းသတင်းအရ လုံခြုံရေတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အားစိစစ်ခဲ့ရာ ဧပြီ ၆ ရက် ည ၈ နာရီတွင် အဆိုပါကျေးရွာနေ ဦးခင်မောင်ဇော်(ခ)အာလူး(၄၉)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ခုနစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးခင်မောင်ဇော်(ခ)အာလူးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     အလားတူ ဧပြီ ၇ ရက် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကော့ဒွတ်ကျေးရွာအနီး ကော့ဒွတ်-ကျိုက်မင်းဝသွား ကားလမ်းဘေး၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးအောင်စိုးနိုင်(၄၉)နှစ်သည် ၎င်း၏နေအိမ်မှ ကျိုက်မင်းဝကမ်းခြေသို့ ၎င်းပိုင် 2N-XXXX FIELDER မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် လမ်းဘေးမှအသင့်စောင့်ဆိုင်းနေသည့် KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က သေနတ်ဖြင့်ပစ်ခတ်၍ မော်တော်ယာဉ်အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     အလားတူ ဧပြီ ၇ ရက် ည ၈ နာရီ ၅၀ မိနစ်တွင် မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ စိန်တောင်ရပ်ကွက်၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦး သေဆုံးသွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ဦးထိန်ဝင်း(ခ)ဦးမော့(၅၃)နှစ်နှင့် သားဖြစ်သူ မောင်သိန်းဉာဏ်(၁၈)နှစ်တို့သည် ၎င်းတို့၏နေအိမ်၌ရှိနေစဉ် မွန်ပြည်သစ်ခွဲထွက်ပါတီမှ အကြမ်းဖက်မှုကိုလိုလားသူ လေးဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့၍ ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှနဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။