Language: Myanmar English

Featured

ကျိုက်မရောမြို့နယ်၌ KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် သာသနာ့အနွယ်ဝင် သံဃာတော် တစ်ပါး ပျံလွန်တော်မူ

     နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွတ်အမြတ်ထားရာ သာသနာပိုင်အဆောက်အအုံများ၊ ဘုန်းကြီးကျောင်းများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရပါသည်။
     ထိုသို့ ပြုလုပ်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၄ ရက် နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ သံကလောင်ကျေးရွာရှိ ကျေးရွာဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးဝါယမ သက်တော်(၅၄)နှစ်၊ ဝါတော်(၃၀)ဝါသည် တရနာကျေးရွာသို့ မော်တော်ယာဉ်ဖြင့်ထွက်ခွာလာစဉ် ကျွန်းကုန်းကျေးရွာအနီးအရောက် KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က သေနတ်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဆရာတော်ဥူးဝါယမတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။
     အထက်ပါဖြစ်စဉ်မှ သာသနာ့အနွယ်ဝင် သံဃာတော်အား သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်းအေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။