တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ်သားပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင် လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန် ၆ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် ပဲခူးတိုင်း ဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ကျွဲတဲရပ်ကွက်သို့ KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါ ရပ်ကွက်အတွင်းရှိ ဦးငြိမ်းဦး(ခ)ဦးအာရာဖတ်ပိုင်ဆိုင်သည့် အမှိုက်နှင့် ကော်ကြိတ်လုပ်ငန်းစက်ရုံဝင်း အတွင်းသို့ လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး စက်ရုံ၌ အလုပ်လုပ်ကိုင်နေသူ ဦးညွန့်သိန်း(၅၃)နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး စက်ရုံဝင်းအတွင်း ရောက်ရှိနေသည့် ဦးမြသန်း(၄၉)နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ သေဆုံး၊ ဒဏ်ရာရရှိသူများအား ရွှေကျင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ရပ်ကွက်အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ကျွဲတဲရပ်ကွက်သို့ လက်နက်ကြီးဗုံး ကျရောက်ပေါက်ကွဲမှုကြောင့်
အမျိုးသား တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။