Language: Myanmar English

Featured

KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်

     တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား လူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန် ၁၂ ရက် နံနက် ၉ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ လပါတ်ကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးကုလား(၃၇)နှစ်၊ မောင်မြင့်မြတ်အောင်(၁၇)နှစ်နှင့် မောင်ဝေလင်းဖြိုး(၁၁)နှစ်တို့သည် လပါတ်ကျေးရွာမှ ကျောက်ကြီးမြို့သို့ ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်ထွက်ခွာလာစဉ် လပါတ်ကျေးရွာနှင့် ဒုံးတိုကျေးရွာကြားအရောက် KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အား သုံးဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဦးကုလားတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မောင်မြင့်မြတ်အောင်နှင့် မောင်ဝေလင်းဖြိုးတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဒဏ်ရာရရှိသူများအား သံဘိုကျေးရွာ၊ အမှတ်(၆၀)ခြေလျင်တပ်ရင်းရှိ စစ်မြေပြင်ဆေးတပ်ဆွယ်သို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     အလားတူ နံနက် ၉ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဝက်ခဲကျေးရွာအနီးရှိ လယ်ရေပေးဝေရေးမြောင်းအတွင်း၌ အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အသက်(၄၅)နှစ်ခန့် အမျိုးသား တစ်ဦး (စိစစ်ဆဲ)အား လက်နှင့်ခြေထောက်တို့တွင် နိုင်လွန်ကြိုးဖြင့် ချည်နှောင်ထားလျက် ကျည်ထိမှန်ဒဏ်ရာများဖြင့် ရေမြောင်းအတွင်း ပုပ်ပွသေဆုံးနေသည်ကို တွေ့ရှိရသဖြင့် သေဆုံးသူအား မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

1

2

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိမှုမှ ဒဏ်ရာရရှိသူနှစ်ဦး၏ မှတ်တမ်းဓာတ်ပုံ။