Language: Myanmar English

KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အပြစ်မဲ့အရပ်သားပြည်သူများအား အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်

    တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက် သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများပြုလုပ်လျက်ရှိပါသည်။
    ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက် ည ၈ နာရီ ၄၅ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာ၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အားစိစစ်ခဲ့ရာ အဆိုပါကျေးရွာနေ ဦးမြင့်အောင်(၅၅)နှစ်သည် ၎င်း၏သမီး မဝင်းနုခိုင်(ခ)မကေ(၃၀)နှစ်နှင့်အတူ နေအိမ်၌ရှိနေစဉ် KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အားလေးဦး (စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။