တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ်သားပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ မတ် ၂၂ ရက် နံနက် ၀၀၀၅ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဇီးကုန်းကျေးရွာသို့ KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က Drone ယာဉ်ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့၍ အဆိုပါကျေးရွာနေ ကိုရန်ပိုင်စိုး(၃၁)နှစ်၏ နေအိမ်ရှေ့သို့ Drop Bomb တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် ကိုရန်ပိုင်စိုးတွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ကျောက်တံခါးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အပြစ်မဲ့ အရပ်သားပြည်သူများအား ထိခိုက်ဒဏ်ရာများရရှိအောင် Drone ယာဉ်ဖြင့် Drop Bomb များပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Featured