တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ်သားပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက် ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မေ ၁၆ ရက် ညနေ ၆ နာရီ ၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ဗုံးသီးစထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး တစ်ဦး ရောက်ရှိ နေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဖြူးမြို့နယ်၊ ဝဲကြီး(တောင်) ကျေးရွာနေ မသူဇာဝင်း(၁၄)နှစ်သည် အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း ဆော့ကစားနေစဉ် KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အား (စိစစ်ဆဲ)က Drone ယာဉ်အသုံးပြု၍ Drop Bomb တစ်လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုကြောင့် မသူဇာဝင်းတွင် ဗုံးသီးစထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အပြစ်မဲ့ပြည်သူတစ်ဦးအား ထိခိုက်ဒဏ်ရာရရှိအောင် Drone ယာဉ် အသုံးပြု၍ Drop Bomb တစ်လုံး ပစ်ချတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Featured