အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက် ည ၈ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အမှတ်(၈)ရပ်ကွက်ရှိ လက်ဝဲသုန္ဒရလမ်းပေါ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးမှုများဆောင်ရွက်နေစဉ် အဆိုပါလမ်းအတိုင်း တောင်ဘက်မှ မြောက်ဘက်သို့ အမျိုးသား နှစ်ဦး(စိစစ်ဆဲ) မောင်းနှင်လာသည့် ဆိုင်ကယ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတိပေးခြောက်လှန့်ပစ်ခတ်၍ လိုက်လံဖမ်းဆီးခဲ့ရာ အသက်(၆၀)နှစ်ခန့် အမျိုးသား တစ်ဦး(စိစစ်ဆဲ)နှင့် အသက်(၃၀)နှစ်ခန့်အမျိုးသား တစ်ဦး(စိစစ်ဆဲ)တို့အား ကျည်ထိမှန်ဒဏ်ရာများဖြင့် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှစ်ဦးထံမှ MG-1 လက်ပစ်ဗုံး တစ်လုံး၊ လေးခွ တစ်လက်နှင့် လောက်စာလုံး ၁၅ လုံးတို့အား သိမ်းဆည်းရမိခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် ဒဏ်ရာရရှိသူ နှစ်ဦးအား ဆေးကုသပေးနိုင်ရေး ရွှေဘိုခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသပေးနေစဉ် ရရှိထားသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ သေဆုံးသူ အကြမ်းဖက်သမား နှစ်ဦးအား ဥပဒေနှင့်အညီ အမှုရေးဖွင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။