၂၀၂၄ ခုနှစ်၊ ဇွန် ၂၇ ရက် နံနက် ၁ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြား၊ ၁၁၇ လမ်းရှိ ထင်ရှမ်း၏နေအိမ်တွင် တရားမဝင် Online လောင်းကစားလုပ်ကိုင်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့သည်။
ထိုသို့ဝင်ရောက်ရှာဖွေရာတွင် နေအိမ်အပေါ်ဆုံးထပ်ရှိ ဧည့်ခန်းအတွင်း၌ Online လောင်းကစား ပြုလုပ်ရန်အတွက် အငှားထားသော အိမ်ပိုင်ရှင် ထင်ရှမ်း(၃၂)နှစ်(ဘ)ဦးအောင်နိုင်နှင့် တရားမဝင် Online လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသူများဖြစ်ကြသည့် ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ရပ်ကွက်နေ မန်နေဂျာ ရန်ဝင်းမြင့်(ခ)ကျန်ဝမ်ရီ(၂၁)နှစ်(ဘ)ဦးကျော်ဝင်း၊ လောက်ကိုင်မြို့နယ်၊ ကျုံးရှန်ကျေးရွာနေ ကြီးကြပ်လုပ်ကိုင်သူ လော်ကျင်းကျွမ်(၂၆)နှစ်(ဘ)ဦးလော်ဆုရောင်းနှင့် လောင်းကစားဂိမ်းဝန်ထမ်းများဖြစ်ကြသည့် တာမိုးညဲမြို့၊ အမှတ်(၄)ရပ်ကွက်နေ ဇင်မာထွေး(ခ)ရင်ရုံ(၁၉)နှစ် (ဘ)ဦးမကျင်အမ်းပါ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး ရှစ်ဦး၊ စုစုပေါင်း အိမ်ရှင် တစ်ဦးအပါအဝင် တရားခံ ၁၂ ဦးတို့အား တရားမဝင် Online လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် Laptop မျိုးစုံ ခြောက်လုံး၊ လက်ကိုင်ဖုန်း မျိုးစုံ ၆၃ လုံး၊ မြန်မာငွေစက္ကူသိန်း ၁၁၀၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ခြောက်ခု၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
အလားတူ ဇွန် ၂၈ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ပါဆတ်ရပ်ကွက်၊ လွန်းကျိုင်းလမ်း၊ အိမ်အမှတ် မ-၃/၂၃၂ တွင် တရုတ်နိုင်ငံသားများ ခိုအောင်းနေထိုင်ပြီး တရားမဝင် Online လောင်းကစားများ လုပ်ကိုင်လျက်ရှိကြောင်း သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်း အထောက်အထားတစ်စုံတစ်ရာမပါရှိဘဲ တရားမဝင်ရောက်ရှိနေသည့် တရုတ်နိုင်ငံသား အမျိုးသား ၂၈၈ ဦး၊ အမျိုးသမီး ခုနှစ်ဦး၊ စုစုပေါင်း ၂၉၅ ဦးတို့အား Online လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်းမျိုးစုံ ၉၀၀ လုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်များတွင် ဖမ်းဆီးရမိထားသည့် တရားမဝင် Online လောင်းကစားလုပ်ကိုင်သူ မြန်မာနိုင်ငံသား ၁၂ ဦးနှင့် တရုတ်နိုင်ငံသား ၂၉၅ ဦးတို့အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေးလိုအပ်သော စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်၌ တရားမဝင် Online လောင်းကစားလုပ်ကိုင်နေသူများအား
သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။
တာချီလိတ်မြို့နယ်၊ ပါဆတ်ရပ်ကွက်၌ တရားမဝင် Online လောင်းကစားလုပ်ကိုင်နေသူ
အထောက်ထားမဲ့ရောက်ရှိနေသည့် တရုတ်နိုင်ငံသားများအား ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။
တာချီလိတ်မြို့နယ်၊ ပါဆတ်ရပ်ကွက်၌ တရားမဝင် Online လောင်းကစားပြုလုပ်ရာတွင်
အသုံးပြုသည့် သက်သေခံလက်ကိုင်ဖုန်းများအား သိမ်းဆည်းရမိမှု မှတ်တမ်းဓာတ်ပုံ။
တာချီလိတ်မြို့နယ်၊ ပါဆတ်ရပ်ကွက်၌ အထောက်ထားမဲ့ရောက်ရှိနေသည့် တရုတ်နိုင်ငံသားများ
တရားမဝင် Online လောင်းကစားလုပ်ကိုင်သည့်နေရာ။