Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူ တရုတ်နိုင်ငံသား လေးဦးနှင့် မြန်မာနိုင်ငံသား ၁၇ ဦးတို့ကို ငွေလိမ်လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

    ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၈ ရက် ညနေ ၄ နာရီခွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၂၇ လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြားရှိ ဒေါ်စန္ဒာ(၅၈)နှစ် (ဘ)ဦးစန်းမောင်၏နေအိမ်၌ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများပူးပေါင်းကာ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းများလုပ်ကိုင်နေကြောင်း သတင်းရရှိသဖြင့် အဆိုပါနေအိမ်အား သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့သည်။
    ထိုသို့ ရှာဖွေစစ်ဆေးခဲ့ရာ အဆိုပါနေအိမ်အတွင်း၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူ Yanlong(၂၈)နှစ်ပါ တရုတ်နိုင်ငံသား အမျိုးသား သုံးဦးနှင့် အမျိုးသမီး တစ်ဦး၊ မြန်မာနိုင်ငံသား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်၊ ထွမ်ဆန်းရွာနေ ရဲမြင့်(၂၀)နှစ်(ဘ)ဦးယောက်စွတ်ပါ အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ခြောက်ဦး၊ နေအိမ်ပိုင်ရှင် ဒေါ်စန္ဒာတို့အား Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းပြုလုပ်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ လေးစုံ၊ Laptop နှစ်လုံး၊ 5BB Broad Band တံဆိပ်ပါ Wifi စက် တစ်လုံး၊ Ruijie Regee တံဆိပ်ပါ Wifi ထပ်ဆင့်လွှင့်စက် သုံးလုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
    အဆိုပါဖမ်းဆီးရမိသူ Yanlong ပါ တရုတ်နိုင်ငံသား အမျိုးသား သုံးဦး၊ အမျိုးသမီး တစ်ဦး၊ မြန်မာနိုင်ငံသား ရဲမြင့်ပါ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ခြောက်ဦးနှင့် နေအိမ်ပိုင်ရှင် ဒေါ်စန္ဒာတို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေရဲစခန်း၌ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)/၃၈ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၌ Onlie အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူ တရုတ်နိုင်ငံသား လေးဦးနှင့် မြန်မာနိုင်ငံသား ၁၇ ဦးတို့အား ငွေလိမ်လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။