လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒုစရိုက်မှုများ လျော့နည်းပပျောက်ရေးနှင့် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများတိုက်ဖျက်ရေးတို့အတွက် နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်းနှင့် Online နည်းပညာများ အသုံးပြု၍ ပြစ်မှုကျူးလွန်သူများအား ခြေရာခံအတည်ပြုကာ တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၊ နောင်ဟီးကျေးရွာရှိ နေအိမ်တစ်လုံး၌ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများ ပူးပေါင်းကာ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းများလုပ်ကိုင်နေကြောင်း သတင်းရရှိသဖြင့် အဆိုပါနေအိမ်အား သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့သည်။
ထိုသို့ ရှာဖွေစစ်ဆေးခဲ့ရာ အဆိုပါနေအိမ်အတွင်း၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူ ချိန်လှ(၃၀)နှစ်ပါ တရုတ်နိုင်ငံသား အမျိုးသား ၁၈ ဦး၊ မြန်မာနိုင်ငံသား ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်နေ အားဖျင်(ခ)စောက်ရီချုံ(၃၅)နှစ်ပါ အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီး ၁၀ ဦးတို့အား Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းပြုလုပ်ရာတွင် အသုံးပြုသည့် ကွန်ပျူတာမျိုးစုံ ၂၆ လုံး၊ ဆက်စပ်ပစ္စည်း ၂၆ မျိုး၊ Star Link တစ်စုံ၊ ဖုန်းမျိုးစုံ ၁၃၀ လုံးနှင့် CZ 75 D 9MM အမျိုးအစား ပစ္စတိုသေနတ် တစ်လက်၊ ကျည် ရှစ်တောင့်၊ Beretta 9MM အမျိုးအစား ပစ္စတိုသေနတ် တစ်လက်၊ ကျည် ခုနစ်တောင့်၊ Type-81 အမျိုးအစား သေနတ် နှစ်လက်၊ ကျည်အိမ် သုံးခု၊ ကျည် ၄၀ တောင့်၊ ၄၀ မမ ပြောင်း တစ်ခု၊ စကားပြောစက် ခြောက်လုံး၊ ဆိုင်ကယ် နှစ်စီး၊ မီးစက် တစ်လုံး၊ WiFi စက် သုံးလုံး၊ DONG FENG ခြောက်ဘီးယာဉ် တစ်စီးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖမ်းဆီးရမိသူ ချိန်လှပါ တရုတ်နိုင်ငံသား အမျိုးသား ၁၈ ဦး၊ မြန်မာနိုင်ငံသား အားဖျင်(ခ)စောက်ရီချုံပါ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၀ ဦးတို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး တန့်ယန်းမြို့မရဲစခန်း၌ အီလက်ထရောနစ်ဆက်သွယ်ရေးဆိုင်ရာဥပဒေပုဒ်မ ၃၃(က)ဖြင့် လည်းကောင်း၊ လဝကအက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့်လည်းကောင်း အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
တန့်ယန်းမြို့နယ်၌ တရုတ်နိုင်ငံသား ၁၈ ဦးနှင့် မြန်မာနိုင်ငံသား ၂၇ ဦးတို့အား Online အသုံးပြု၍
ငွေလိမ်လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လက်နက်၊ ခဲယမ်းများနှင့်အတူ
ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။
တန့်ယန်းမြို့နယ်၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား
ချိန်လှပါ အမျိုးသား ၁၈ ဦး၏ မှတ်တမ်းဓာတ်ပုံ။
တန့်ယန်းမြို့နယ်၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား
အားဖျင်(ခ)စောက်ရီချုံပါ အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီး ၁၀ ဦး၏ မှတ်တမ်းဓာတ်ပုံ။
တန့်ယန်းမြို့နယ်၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်သူများအား ဖမ်းဆီးရမိမှုမှ CZ 75 D 9MM အမျိုးအစား
ပစ္စတိုသေနတ် တစ်လက်၊ ကျည် ရှစ်တောင့်၊ Beretta 9MM အမျိုးအစား ပစ္စတိုသေနတ် တစ်လက်၊ ကျည် ခုနစ်တောင့်၊
Type-81 အမျိုးအစားသေနတ် နှစ်လက်၊ ကျည်အိမ် သုံးခု၊ ကျည် ၄၀ တောင့်၊ ၄၀ မမ ပြောင်း တစ်ခု
သိမ်းဆည်းရမိမှု မှတ်တမ်းဓာတ်ပုံ။