Language: Myanmar English

Featured

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ PAL Hotel တွင် လောင်းကစားဝိုင်း ဖွင့်လှစ်လုပ်ကိုင်လျက်ရှိကြောင်း သတင်းအရ ဝင်ရောက်ဖမ်းဆီးရာ တရုတ်နိုင်ငံသား ၉ ဦးနှင့် မြန်မာနိုင်ငံသား ၃၈ ဦး တို့အား လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်း/ငွေကြေးများနှင့်အတူ ဖမ်းဆီးရမိ

     ၂၀၂၄ ခုနှစ်၊ မေ ၁၀ ရက် နံနက် ၁ နာရီခွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ သီရိမွန်အိမ်ယာ၊ သီရိမွန်(၁၀)လမ်း၊ အမှတ်(၈)ရှိ PAL Hotel တွင် လောင်းကစားဝိုင်း ဖွင့်လှစ်လုပ်ကိုင်နေကြောင်း သတင်းအရ အဆိုပါဟိုတယ်အား သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့သည်။
     ထိုသို့ ရှာဖွေစစ်ဆေးခဲ့ရာ အဆိုပါဟိုတယ် ဒုတိယထပ်တွင် လောင်းကစားဝိုင်းတည်ထောင်၍ စီမံခန့်ခွဲလုပ်ကိုင်နေသူ Mr.Yang Jian ပါ တရုတ်နိုင်ငံသား အမျိုးသား သုံးဦး၊ မြန်မာနိုင်ငံသား အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦး၊ လောင်းကစားဝိုင်း၌ အလုပ်လုပ်ကိုင်သူ မြန်မာနိုင်ငံသား အမျိုးသား ခုနှစ်ဦး၊ အမျိုးသမီး ၂၄ ဦးနှင့် လောင်းကစား လာရောက်ကစားသူ တရုတ်နိုင်ငံသား အမျိုးသား ငါးဦး၊ အမျိုးသမီး တစ်ဦး၊ မြန်မာနိုင်ငံသား အမျိုးသား သုံးဦး၊ အမျိုးသမီး နှစ်ဦး စုစုပေါင်း ၄၇ ဦးတို့အား လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဘူကြီးလောင်းကစားခုံ ငါးခုံ၊ ပဲကြားလော့ လောင်းကစားခုံ နှစ်ခုံ၊ ကုလားသုံးကောင် လောင်းကစားခုံ တစ်ခုံ၊ ငါးပစ်ဂိမ်း လောင်းကစားခုံ တစ်ခုံ၊ ဖဲထုတ် ၂၅၄ ထုတ်၊ ငွေကျပ် ငါးရာမှသိန်းတစ်ရာထိပါ တုံကင်ပြားများ၊ လက်ကိုင်ဖုန်း ၃၈ လုံး၊ လက်တော့ နှစ်လုံး၊ Tablet တစ်လုံး၊ All in one ကွန်ပျူတာ တစ်လုံး၊ လောင်းကစားပြုလုပ်ရာတွင် ငွေအလွှဲ/အပြောင်း ပြုလုပ်ရာ၌ အသုံးပြုသည့် Bank Account နံပါတ်များ ရေးသားထားသည့် ကတ်ပြား တစ်ခု၊ ဖဲချပ်ဖျက်စက် တစ်လုံး၊ ငွေရေတွက်စက် တစ်လုံး၊ CCTV Recorder တစ်လုံး၊ လောင်းကြေးငွေ ၃၀၁ သိန်းကျပ်၊ ကား ၁၇ စီး တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။
     အဆိုပါဖမ်းဆီးရမိသူ Mr.Yang Jian ပါ တရုတ်နိုင်ငံသား အမျိုးသား ရှစ်ဦး၊ အမျိုးသမီး တစ်ဦး၊ ဝင်းမြင့်ထွန်း ပါ မြန်မာနိုင်ငံသား အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၂၇ ဦး စုစုပေါင်း ၄၇ ဦးတို့အား မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ထားရှိပြီး တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

1

မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်း(ပ) ၇၆/၂၀၂၄၊
လောင်းကစားဥပဒေပုဒ်မ ၁၆(က)၊ ၁၇(က) အမှုမှ မှတ်တမ်းဓာတ်ပုံ။

2

လောင်းကစားဝိုင်း တည်ထောင်လုပ်ကိုင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊

သီရိမွန်အိမ်ရာ၊ သီရိမွန်(၁၀)လမ်းရှိ PAL HOTEL ၏ မှတ်တမ်းဓာတ်ပုံ။

3

4

PAL HOTEL ဒုတိယအလွှာတွင် လောင်းကစားပြုလုပ်နေစဉ်
ဖမ်းဆီးရမိသည့် မှတ်တမ်းဓာတ်ပုံ။

5

ပဲကြားလော့ လောင်းကစားဝိုင်းတွင် လောင်းကစားပြုလုပ်နေစဉ်
ဖမ်းဆီးရမိသည့် မှတ်တမ်းဓာတ်ပုံ။

6

PAL HOTEL ဒုတိယအလွှာတွင် ဘူကြီး လောင်းကစားပြုလုပ်နေစဉ်
ဖမ်းဆီးရမိသည့် မှတ်တမ်းဓာတ်ပုံ။

7

ပဲကြားလော့ လောင်းကစားဝိုင်းတွင် လောင်းကစားပြုလုပ်နေစဉ်
ဖမ်းဆီးရမိသည့် မှတ်တမ်းဓာတ်ပုံ။

8

PAL HOTEL ဒုတိယအလွှာတွင် လာရောက်လောင်းကစားသည့်
တရုတ်နိုင်ငံသား Mr.Wang Hong Li ပါ ငါးဦး၏ မှတ်တမ်းဓာတ်ပုံ။

9

PAL HOTEL ဒုတိယအလွှာတွင် လာရောက်လောင်းကစားသည့်
တရုတ်နိုင်ငံသူ Mrs. Zheng Wen Xiu ၏ မှတ်တမ်းဓာတ်ပုံ။ 

10

11

တရားခံ တရုတ်နိုင်ငံသား Mr.Yang Jian ပါ ၄၇ ဦးထံမှ သိမ်းဆည်းရရှိသော သက်သေခံတုံကင်ပြား/ဝိုင်းများ၊ လက်ကိုင်ဖုန်း ၃၈ လုံး၊

လက်တော့ သုံးလုံး၊ ဖဲထုပ် ၂၅၄ ထုပ်၊ လောင်းကြေးငွေ ၃၀၁ သိန်း၊ မော်တော်ယာဉ် ၁၇ စီးနှင့် သက်သေခံပစ္စည်းများ မှတ်တမ်းဓာတ်ပုံ။