Language: Myanmar English

PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

     တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲ အပေါ်အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
    ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက် နံနက် ၈ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အောင်ချမ်းသာကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးပိုင်လေး(ခ)ကိုပိုင်(၃၂)နှစ်နှင့် ကိုဝင်းနောင်ဌေး(၂၃)နှစ်တို့သည် ၎င်းတို့၏နေအိမ် အသီးသီး၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား လေးဦး (စိစစ်ဆဲ)က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး လက်ပြန်ကြိုးတုပ်၍ ဖမ်းဆီးခေါ်ဆောင်သွားကာ ကျေးရွာ၏အနောက်ဘက် ကိုက် ၁၀၀ ခန့်အကွာ လှည်းလမ်းဘေးအရောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့ နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    အလားတူ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အတွင်းပဒံကျေးရွာနေ ဦးသန့်ဇင်(၃၇)နှစ်သည် အဆိုပါရပ်ကွက်ရှိ အောင်မင်္ဂလာဘုန်းကြီးကျောင်းဝင်း အတွင်း သန့်ရှင်းရေးပြုလုပ်နေစဉ် လမ်းလျှောက်လာသည့် အကြမ်းဖက်သမား တစ်ဦး (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၁၀၀၀)သို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
    အလားတူ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ တအိမ်တည်း ကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စစ်ကိုင်းမြို့နယ်၊ တင်းတိပ်ရပ်ကွက်နေ ဦးကျော်စည်သူ (၃၁)နှစ်သည် စီးတီးရပ်ကွက်ရှိ “ထက်ရှိုင်း” လက်ဖက်ရည်ဆိုင်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား  လေးဦး (စိစစ်ဆဲ)က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ တအိမ်တည်း ကျေးရွာ၏ အရှေ့တောင်ဘက်ရှိ လှည်းလမ်းဘေးအရောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    အလားတူ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြို့မ ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ဦးဌေးလှိုင်ထွန်း(၄၀)နှစ်နှင့် အမရပူရ မြို့နယ်၊ ယဉ်တော်စံကျေးရွာနေ ဦးမင်းအောင်(၃၉)နှစ်တို့သည် မြို့မရပ်ကွက်အတွင်းရှိ “စစ်ပြန်ကြီး” အရက်ဆိုင်အတွင်းရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
    ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အောင်ချမ်းသာကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ တအိမ်တည်းကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။