Language: Myanmar English

PDF အမည်ခံ အကြမ်းဖက်သမားများက ရပ်ကွက်အတွင်းသို့ စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် နိုင်ငံ့ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

    အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၉ ရက် မွန်းတည့် ၁၂ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ မြို့မရပ်ကွက်အတွင်းသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါရပ်ကွက်ရှိ နှင်းဆီလမ်းနှင့် ဒီပဲယင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်းသို့ စိန်ပြောင်းဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းကျောင်းဝင်း အတွင်းရှိ “မနောသုခ” ကျောင်းဆောင်၏ အမိုးသွပ် ၆ ချပ်၊ မျက်နှာကြက် ၅၀ ချပ်နှင့် ပြတင်းပေါက်မှန် ၈ ချပ်တို့ ဗုံးသီးပေါက်ကွဲစထိမှန် ပျက်စီးဆုံးရှုံးခဲ့ပြီး အထက်တန်းပြဆရာ၊ ဆရာမများဖြစ်ကြသည့် ဦးကျော်မောင်မောင်သွင်(၄၇)နှစ်နှင့် ဒေါ်စိုးစိုးလွင်(၅၃)နှစ်တို့ နှစ်ဦးတွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ အထက်တန်းကျောင်းဝင်းအတွင်းရှိ ယာယီဆေးရုံ၌ ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရသည်။
     ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများ အတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။