Language: Myanmar English

PDF အမည်ခံ အကြမ်းဖက်သမားများက နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ ပြည်သူများအား သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်

    တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် PDF အမည်ခံ အကြမ်းဖက်သမားများက နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ ပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆမတူသူ အရပ်သား ပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
    ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၁ ရက် နံနက် ၁ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဝင်ကိုက်ရှိုကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦး  သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ရာအိမ်မှူး ဦးတင်အောင်လွင်(၄၈)နှစ်နှင့် ဦးထွန်းထွန်းနိုင်(၄၇)နှစ်တို့သည် ၎င်းတို့၏နေအိမ်အသီးသီး၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၁၀ ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ ဝင်ကိုက်ရှိုကျေးရွာရှိ စလူဆည်အနီး တောလမ်းအရောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    အလားတူ နံနက် ၁၀ နာရီ ၅၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ မုန္တောလေးကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်း(၇၁)နှစ်သည် ၎င်း၏ဇနီး ဒေါ်ညိုညို(၆၈)နှစ်နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးခင်မောင်ဝင်းနှင့် ဒေါ်ညိုညိုတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    အလားတူ မွန်းလွဲ ၃ နာရီခွဲတွင် နွားထိုးကြီးမြို့နယ်၊ ထန်းဂွ(တောင်)ကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နွားထိုးကြီးမြို့နယ်၊ အမှတ်(၂)ရပ်ကွက်နေ ဒေါ်နော်ဇာလှိုင်(၄၂)နှစ် (နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံ၊ ဓာတ်ခွဲခန်းဌာနမှူး)သည် နွားထိုးကြီးမြို့နယ်၊ ပဲချက်ကျေးရွာမှ ၎င်း၏နေအိမ်သို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် ထန်းဂွ(တောင်)ကျေးရွာအနီးအရောက် ဆိုင်ကယ်တစ်စီးဖြင့် နောက်မှလိုက်ပါလာသည့် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က သေနတ်ဖြင့်ပစ်ခတ်၍ ၎င်းစီးနင်းလာသည့် ဆိုင်ကယ်အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်နော်ဇာလှိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး နွားထိုးကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
    ထိုသို့ PDF အမည်ခံ အကြမ်းဖက်သမားများက နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့ ပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဝင်ကိုက်ရှိုကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ မုန္တောလေးကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍  အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ထန်းဂွ(တောင်)ကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍  အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။