တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ မတ် ၁၈ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မကြီးကြပ်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျေးရွာနေ ဦးဝင်းဇော်ဦး(၄၅)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား လေးဦး (စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့၍ ဦးဝင်းဇော်ဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ လမ်းခွကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးခွန်ဂျော်လီ(၄၆)နှစ်သည် ၎င်းပိုင်ဆိုင်သည့် “JAN GA Computer & Store” ဆိုင်၌ ရှိနေစဉ် KIA လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အား သုံးဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့၍ ဦးခွန်ဂျော်လီတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ည ၇ နာရီ ၅၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ကူဖြူကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် မောင်သီဟထွေး(၁၈)နှစ်နှင့် မောင်အာကာကျော်(၁၈)နှစ်တို့သည် မြစ်သားမြို့မှ ကူဖြူကျေးရွာသို့ ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်လာစဉ် ကူဖြူကျေးရွာအဝင် လမ်းမပေါ်အရောက် လားရာတူနောက်မှ ဆိုင်ကယ်မောင်းနှင်လာသည့် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့၍ မောင်အာကာကျော် တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မောင်သီဟထွေးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။
အလားတူ မတ် ၁၉ ရက် နံနက် ၅ နာရီ ၄၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပျဉ်ပုံကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးဝင်းစိုး(၅၆)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ငါးဦး (စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့၍ ဦးဝင်းစိုးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ပုခက်တိုင်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မတ် ၁၈ ရက် ည ၁၀ နာရီခွဲတွင် အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမြင့်ထူး(၄၉)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ခုနစ်ဦး (စိစစ်ဆဲ) ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ စလင်းချောင်းဘေးအရောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့၍ ဦးမြင့်ထူးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
Featured