တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ မတ် ၁၉ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ထန်းလုံးတပ်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျေးရွာနေ ထန်းလုံးတပ်အခြေခံပညာအထက်တန်းကျောင်းခွဲမှ မူလတန်းပြ ကျောင်းဆရာဖြစ်သူ ကိုချစ်ဇော်ဦး(၂၆)နှစ်သည် ရွာလယ်လမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ စက်ဘီးစီးလာစဉ် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ကိုချစ်ဇော်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ၎င်းအကြမ်းဖက်သမား နှစ်ဦးသည် ကိုချစ်ဇော်ဦး၏နေအိမ်သို့ ဆက်လက်သွားရောက်ကာ ၎င်း၏ဖခင်ဖြစ်သူ ဦးဇော်ဝင်းမြင့် (၆၁)နှစ်အား သေနတ်ဖြင့် ထပ်မံပစ်ခတ်ထွက်ပြေးသွားခဲ့၍ ဦးဇော်ဝင်းမြင့်တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကာ ဆေးကုသနိုင်ရေး ကျောက်ဆည်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ သပြေတုံးကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးသိန်းဇော်(၅၀)နှစ်သည် ကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ပျဉ်ခင်းပေးနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ငါးဦး (စိစစ်ဆဲ) ရောက်ရှိလာကာ လက်ပြန်ကြိုး တုပ်၍ ဖမ်းဆီးဆောင်ခေါ်သွားခဲ့ပြီး ဘုန်းကြီးကျောင်းအနောက်ဘက် ကိုက် ၅၀ ခန့်အကွာ သစ်ပင်အောက်အရောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးသိန်းဇော်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ည ၇ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ သီးကုန်းကျေးရွာနေ နေပူကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမောင်ပု(၆၀)နှစ်သည် ဝမ်းတွင်းမြို့မှ သီးကုန်းကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းမောင်းနှင်လာစဉ် ဘုရားစုကျေးရွာနှင့် သီးကုန်းကျေးရွာ ကြားရှိ ဇရပ်အနီးအရောက် အကြမ်းဖက်သမား (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးမောင်ပုတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Featured