တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ မတ် ၂၁ ရက် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ရွာထောင်ကုန်းကျေးရွာနှင့် သာပေါင်းကျေးရွာကြား၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ သာပေါင်းကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမြင့်ဆွေ(၆၇)နှစ်နှင့် သဲကုန်းမြို့၊ အမှတ်(၂)ရပ်ကွက်နေ ကျေးရွာအုပ်စုစာရေးဖြစ်သူ ဦးဖြိုးဝေမြင့်(၄၆)နှစ်တို့သည် သဲကုန်းမြို့မှ သာပေါင်းကျေးရွာသို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် အခင်းဖြစ်နေရာအရောက် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် အနောက်မှလိုက်ပါလာပြီး သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးမြင့်ဆွေတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးဖြိုးဝေမြင့်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ရွှေတောင်မြို့၊ အမှတ်(၆)တပ်မတော်ဆေးရုံ၊ (ခုတင်-၁၀၀)သို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ သတိပဋ္ဌာန်ရပ်ကွက်၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ဦးစန်းအောင်ညွန့် (ခ)လူမုန်း(၄၀)နှစ်သည် တစ်ရပ်ကွက်တည်းနေ ဒေါ်နွယ်နွယ်ဝင်း၏နေအိမ်သို့ ရောက်ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား သုံးဦး (စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးစန်းအောင်ညွန့် (ခ)လူမုန်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ညနေ ၅ နာရီ ၁၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဝင်အူကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စိုင်ကောင်းကျေးရွာနေ ဦးမြတ်ဇော်(၅၈)နှစ်သည် ၎င်း၏နေအိမ်မှဝင်အူကျေးရွာသို့ ဆိုင်ကယ်ဖြင့်သွားရောက်စဉ် အခင်းဖြစ်နေရာအရောက် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် အနောက်မှ လိုက်ပါလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ လက်ကိုင်ဖုန်းတစ်လုံးနှင့် ဆိုင်ကယ်တစ်စီးတို့အား လုယက်ယူဆောင်သွားခဲ့ သဖြင့် ဦးမြတ်ဇော်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့အရပ်သား ပြည်သူများအား အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Featured