Language: Myanmar English

Featured

PDF အမည်ခံ အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့အရပ်သား ပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

     တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့အရပ်သားပြည်သူများအား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ မတ် ၂၅ ရက် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ၊ ကင်မွန်းချောင်း-ကျိုက်ထိုကားလမ်းဘေးရှိ “စွယ်တော်” လက်ဖက်ရည်ဆိုင်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ကျောင်းထိုင်ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာရှိ “ကျောက်ဖြူတောင်ဘောဂဝတီရွှေကျောင်း” ဘုန်းကြီးကျောင်းမှ ကျောင်းထိုင် ဆရာတော် ဉူးစန္ဒိမာ(ခ)ဦးဇာနည်စိုး(၄၇)နှစ် (၁၈)ဝါနှင့် ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးတင်ငြိမ်း(ခ)တင်အောင် (၅၉)နှစ်တို့ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဆရာတော် ဉူးစန္ဒိမာ(ခ)ဦးဇာနည်စိုးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ ပျံလွန်တော်မူခဲ့ပြီး ဦးတင်ငြိမ်း(ခ)တင်အောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     အလားတူ မတ် ၂၅ ရက် ညနေ ၅ နာရီ ၃၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ သမင်ကတုပ်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဝင်းအောင်(၄၉)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား လေးဦး (စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ ကျေးရွာ၏အနောက်ဘက် နှစ်ဖာလုံခန့်အကွာအရောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     အလားတူ မတ် ၂၆ ရက် နံနက် ၁၂ နာရီ ၃၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဘန့်ပြင်ကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးလူမြင့်(ခ)ဦးမှုံ(၅၅)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား လေးဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ ဘန့်ပြင် ကျေးရွာ၏အနောက်ဘက် နှစ်မိုင်ခန့်အကွာ သရက်တော-ဆင်ဖြူကျွန်းသွားကားလမ်းအရောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။
      အလားတူ မတ် ၂၆ ရက် နံနက် ၄ နာရီတွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့၊ ရပ်ကွက်(၁)ရပ်ကွက်နေ ဆယ်အိမ်မှူးဖြစ်သူ ဦးဌေးအောင်(၅၀)နှစ်သည် နန့်မွန်းမြို့ဈေး၌ ကုန်စိမ်းရောင်းချနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား တစ်ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးဌေးအောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး နန့်မွန်းတိုက်နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့အရပ်သား ပြည်သူများအား အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။