တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား လူထုအတွင်း အကြောက်တရား လွှမ်းမိုး စေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ မတ် ၂၈ ရက် နံနက် ၁၀ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကြည်လှိုင်(၆၀)နှစ်သည် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးဘေးရှိ ထမင်းကြော်ဆိုင်အတွင်း ထမင်းစားနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား တစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးကြည်လှိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၃ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ဇီးကျကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကွင်းရပ်ရပ်ကွက်နေ ဦးသိန်းဇံ(၃၅)နှစ်နှင့် တစ်ရပ်ကွက်တည်းနေ ဦးပြည့်ဖြိုးပိုင်(၃၉)နှစ်တို့သည် ယာဉ်အမှတ် MON-4/7L-XXXX CANTER အဖြူရောင် ခြောက်ဘီးယာဉ်ဖြင့် မောင်းနှင်ထွက်ခွာလာစဉ် ဇီးကျကျေးရွာအနီး ရေး-ထားဝယ်ကားလမ်း မိုင်တိုင်အမှတ် ၈ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံကြားအရောက် ကားလမ်း၏ ဝဲဘက် မီတာ ၅၀ ခန့်မှ PDF အမည်ခံအကြမ်းဖက်သမား အင်အား (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ယာဉ်၏ ရှေ့လေကာမှန်၊ ခေါင်းခန်းနှင့် ဝဲတံခါးတို့အား ကျည်ထိမှန်ပျက်စီးသွားခဲ့ပြီး ဦးပြည့်ဖြိုးပိုင်တွင် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့၍ ဆေးကုသနိုင်ရေး ထားဝယ်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ ည ၆ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဝက်ခေါက်စိန်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးဝင်း(၆၀)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အား (စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဝင်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့အရပ်သား ပြည်သူများအား အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Featured