နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွတ်အမြတ်ထားရာ သာသနာပိုင်အဆောက်အအုံများ၊ ဘုန်းကြီးကျောင်းများကိုပါ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရပါသည်။
ထိုသို့ ပြုလုပ်လျက်ရှိရာတွင် မတ် ၂၈ ရက် နံနက် ၈ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မြိုက်ကျေးရွာရှိ “တောင်ကျောင်းတောရ” ဘုန်းကြီးကျောင်းသို့ PDF အမည်ခံ အကြမ်းဖက်သမား အင်အား ၁၀ ဦးခန့်ရောက်ရှိလာပြီး ကျောင်းထိုင်ဆရာတော် ဥူးဥက္ကဌ သက်တော် (၄၇)နှစ် ဝါတော်(၂၅)ဝါအား ဓားများဖြင့် ရက်စက်စွာ ဝိုင်းဝန်းထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ဆရာတော် ဥူးဥက္ကဌတွင် ဓားဒဏ်ရာများရရှိကာ ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ သာသနာ့အနွယ်ဝင် သံဃာတော်အား ဓားများဖြင့် ရက်စက်စွာ ဝိုင်းဝန်း ထိုးခုတ်သတ်ဖြတ်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်းအေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Featured