Language: Myanmar English

Featured

PDF အမည်ခံ အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

     တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများပြုလုပ်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ မတ် ၂၉ ရက် ည ၈ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကံကုန်းကျေးရွာနေ ဝန်ရကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမင်းအောင်(၅၁)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်စန်းမြင့်(၃၉)နှစ်နှင့်အတူ ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက် သမား အင်အား ၄၀ ဦးခန့်ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးမင်းအောင်မှာထွက်ပြေး လွတ်မြောက်သွာခဲ့ပြီး ဒေါ်စန်းမြင့်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ၎င်းအကြမ်းဖက်သမားများသည် ကံကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းအတွင်းမှ လိုက်ထရပ်ယာဉ်တစ်စီး၊ NISSAN ယာဉ် တစ်စီး၊ ဦးမင်းအောင်ပိုင်ဆိုင်သည့် ZOOLION အမျိုးအစားထွန်စက် တစ်စီးတို့အား လုယက်ယူဆောင် သွားခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူ ဒေါ်စန်းမြင့်အား ဆေးကုသနိုင်ရေး လင်းဇင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     အလားတူ မတ် ၃၀ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ဒီးဒုတ်ကုန်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးကာ အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးတင့်(၅၄)နှစ်သည် ၎င်း၏နေအိမ်၌ ဇနီးဖြစ်သူ ဒေါ်ခင်မြိုင်နှင့် တစ်ရွာတည်းနေ ဒေါ်ယဉ်မေ(၄၆)နှစ်တို့နှင့်အတူ ထမင်းစားနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးစိုးတင့်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဒေါ်ယဉ်မေတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် သေဆုံး၊ ဒဏ်ရာရရှိသူများအား တောင်ညောင်ကုန်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့အရပ်သားပြည်သူများအား အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။