တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား လူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ မတ် ၃၁ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၀)ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကြည်ထွန်းနှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်စန္ဒာအေး(၅၀)နှစ်တို့သည် တစ်ရပ်ကွက်တည်းနေ ဦးလှဝင်း(၆၄)နှစ် မောင်းနှင်သည့် ဘေးတွဲဆိုင်ကယ်ဖြင့် ၎င်းတို့၏နေအိမ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ထွက်ခွာလာစဉ် အဆိုပါရပ်ကွက်ရှိ ဗိုလ်ဇင်ယော်(၁)လမ်းအရောက် လမ်းလျှောက်လာသည့် PDF အမည်ခံ အကြမ်းဖက်သမား တစ်ဦး (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့၍ ဦးကြည်ထွန်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး၊ ဒေါ်စန္ဒာအေးတွင်လည်း ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ သေဆုံး၊ ဒဏ်ရာရရှိသူများအား မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၁၀၀၀)သို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ မတ် ၃၁ ရက် ည ၇ နာရီ ၅၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာနှင့် ပြန်ချီတက်ကျေးရွာကြားရှိ မြေသားလမ်း၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အားစိစစ်ခဲ့ရာ မတ် ၃၀ ရက် ညနေ ၄ နာရီ ၄၀ မိနစ်တွင် သစ်ပုတ်ကျေးရွာနေ ဦးနိုင်ကြီး(၅၀)နှစ်သည် ၎င်း၏နေအိမ်မှ ပြန်ချီတက်ကျေးရွာသို့ နွားလှည်းဖြင့် တစ်ဦးတည်းထွက်ခွာလာစဉ် အဆိုပါမြေသားလမ်းအရောက် PDF အမည်ခံ အကြမ်းဖက်သမား အင်အား (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့၍ ဦးနိုင်ကြီးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဧပြီ ၁ ရက် နံနက် ၅ နာရီခွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြို့နယ်၊ ပန်းစစ်ကျေးရွာ၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အားစိစစ်ခဲ့ရာ အဆိုပါကျေးရွာနေ ဦးချစ်ဖေ(၆၄)နှစ်သည် နေအိမ်တွင်ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား အင်အား (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးချစ်ဖေတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့အရပ်သား ပြည်သူများအား အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။