Language: Myanmar English

Featured

PDF အမည်ခံ အကြမ်းဖက်သမားများက နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော အပြစ်မဲ့အရပ်သားပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

     တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့အရပ်သားပြည်သူများအား လူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများပြုလုပ်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဧပြီ ၁ ရက် ညနေ ၄ နာရီခွဲတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့စံနိုင်ရပ်ကွက်၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ရာအိမ်မှူးဖြစ်သူ ဦးမြအေး (၇၀)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     အလားတူ ည ၁၀ နာရီ ၂၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ညောင်လေးပင် ကျေးရွာ၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များကသွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ သားကျင်အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြကျောင်းဆရာမဖြစ်သူ ဒေါ်ရွှေယမင်းဦး(၂၅)နှစ်သည် ၎င်း၏နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး (စိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ် သွားခဲ့သဖြင့် ဒေါ်ရွှေယမင်းဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့၍ ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     အလားတူ ဧပြီ ၂ ရက် နံနက် ၇ နာရီ ၄၀ မိနစ်တွင် ပုသိမ်ကြီးမြို့နယ်၊ ငွေတောင်ကျေးရွာ၊ မန္တလေး-ပြင်ဦးလွင်ကားလမ်း မိုင်တိုင်အမှတ် ၁၀ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံ ကြားရှိ “အောင်ကောင်းမိုး” လက်ဖက်ရည်ဆိုင်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပုသိမ်ကြီးမြို့နယ်၊ မြိုတောကျေးရွာနေ ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးမင်း(၅၁)နှစ်သည် အဆိုပါ လက်ဖက်ရည်ဆိုင်၌ တစ်ဦးတည်း လက်ဖက်ရည် ထိုင်သောက်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိ လာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးစိုးမင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     ထိုသို့ နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သား ပြည်သူများအား အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ် ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။