တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား လူထုအတွင်းအကြောက်တရား လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဧပြီ ၆ ရက် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာအနီး၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုးသား နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စူပါကော်ဖီမစ်ကုမ္ပဏီမှ ဝန်ထမ်းများဖြစ်ကြသည့် ဦးမြင့်ခိုင်(၄၇)နှစ်၊ ကိုနေသူလွင်(၂၂)နှစ်နှင့် မတင်ဇာဝင်းပြည့်(၃၂)နှစ်တို့သည် 4G/ xxxx Canter ၆ ဘီးမော်တော်ယာဉ်ဖြင့် ရေစကြိုမြို့ဘက်မှ ပခုက္ကူမြို့ဘက်သို့ မောင်းနှင်ထွက်ခွာလာစဉ် ပန်းတိုင်းခြုံကျေးရွာရှိ သစ်စက်အနီးအရောက် PDF အမည်ခံ အကြမ်းဖက်သမား အင်အား(စိစစ်ဆဲ)က လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် မော်တော်ယာဉ်၏ ယာဘက်ရှေ့ဘီး၊ ရှေ့လေကာမှန်တို့ ပျက်စီးကာ မတင်ဇာဝင်းပြည့်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိ၍ သေဆုံးသွားခဲ့ပြီး ဦးမြင့်ခိုင်နှင့် ကိုနေသူလွင်တို့တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ သေဆုံး၊ ဒဏ်ရာရရှိသူများအား ပခုက္ကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Featured