တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား လူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲ အပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဧပြီ ၉ ရက် နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကျောက်အိုးကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဧပြီလ ၈ ရက် ည ၉ နာရီခွဲတွင် အဆိုပါကျေးရွာနေ ဦးသန်းဝင်း(၄၂)နှစ်သည် ၎င်း၏နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ငါးဦး (စိစစ်ဆဲ) ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ ကျောက်အိုးကျေးရွာ၏ အရှေ့မြောက် ဘက် ၁ မိုင်ခန့်အကွာ ခင့်ပလူ-ကျောက်အိုးသွားကားလမ်းဘေးအရောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ဦးသန်းဝင်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိ၍ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဧပြီ ၉ ရက် နံနက် ၉ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်(၅၉)နှစ်သည် အရာတော်မြို့မဈေးမှ ၎င်း၏နေအိမ်သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း ပြန်လာစဉ် အမှတ်(၁)ရပ်ကွက်ရှိ ဇရပ်အနီးအရောက် PDF အမည်ခံ အကြမ်းဖက်သမားလေးဦး (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးအောင်ကြည်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဧပြီ ၁၀ ရက် နံနက် ၁၂ နာရီ ၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ မြနဒီကျေးရွာ၌ သေနတ်၊ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ရာအိမ်မှူး ဦးမျိုးနိုင် (၄၅)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားနှစ်ဦး (စိစစ်ဆဲ)ရောက်ရှိ လာပြီး သေနတ်၊ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်သွားခဲ့သဖြင့် ဦးမျိုးနိုင်တွင် ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဧပြီလ ၁၀ ရက် နံနက် ၈ နာရီ ၂၅ မိနစ်တွင် တောင်သာမြို့နယ်၊ အမှတ်(၂) ရပ်ကွက်နေ ရာအိမ်မှူး ဦးစိုးမြင့်ဦး(ခ)ပေါက်စီ(ခ)ဝင်းဘို(၄၆)နှစ်သည် တောင်သာ-ဇဂျမ်း ကားလမ်းနှင့် တောင်သာ-မြင်းခြံကားလမ်းဆုံရှိ လမ်းဘေးကွပ်ပျစ်၌ တစ်ဦးတည်းထိုင်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမားနှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Featured