တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား လူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၀ ရက် ည ၉ နာရီခွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ တောင်ပုကျေးရွာ၌ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျေးရွာနေ ဦးဌေးဇော်(၄၃)နှစ်သည် နေအိမ်တွင်ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)ရောက်ရှိလာပြီး ဦးဌေးဇော်အား ဖမ်းဆီးခေါ်ဆောင်သွားကာ တောင်ပုကျေးရွာထိပ်အရောက်တွင် ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဧပြီလ ၁၁ ရက် ည ၆ နာရီ ၅၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ တမာပင်ကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မကျီးကန်ကျေးရွာနေ ရာအိမ်မှူး ဦးစိုးဝင်း(၅၄)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်ခင်ထား(၅၃)နှစ်တို့သည် မြစ်သားမြို့မှ နေအိမ်သို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် တမာပင်ကျေးရွာအနီးအရောက် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်ဖြင့် အနောက်မှလိုက်ပါလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးစိုးဝင်းနှင့် ဒေါ်ခင်ထားတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မြစ်သားမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ ဧပြီ ၁၂ ရက် နံနက် ၇ နာရီခွဲတွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အောင်သပြေရပ်ကွက်နေ ဦးပေါခွီရှိန်းအောင်(၄၀)နှစ်သည် အဆိုပါရပ်ကွက်ရှိ စိန့်ပက်ထရစ် ကက်သလစ်ဘုရားကျောင်း၌ရှိနေစဉ် အကြမ်းဖက်သမား အမျိုးသားနှစ်ဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးပေါခွီရှိန်းအောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မိုးညှင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဘုရားလှကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဒေါ်စန်းမြင့်(၇၀)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက် သမားခြောက်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်စန်းမြင့်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး တောင်သာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Featured