တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား လူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံ တိုက်ခိုက်၊ သတ်ဖြတ်ခြင်းများပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၇ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ရန်ကုန် တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ သရက်တော(တောင်)ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မကျည်းတန်းမြောက်အရှေ့ရပ်ကွက်နေ ဦးမောင်မောင်ဦး(ခ)ဦးမောင်ဦး(၆၁)နှစ်သည် သရက်တော (၅)လမ်းအတိုင်း ဆိုက်ကားနင်းလာစဉ် သရက်တောရပ်ကွက်ရှိ ဓမ္မာရုံရှေ့အရောက် PDF အမည်ခံ အကြမ်းဖက်သမား တစ်ဦး (စိစစ်ဆဲ) က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးမောင်မောင်ဦး (ခ)ဦးမောင်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ညနေ ၄ နာရီ ၅၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နှမ်းကြီး ကျေးရွာရှိ ဆည်တော်ကြီးမြောင်းအတွင်း၌ အမျိုးသား တစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် အသက်(၃၆)နှစ်ခန့်ရှိ အမျိုးသား တစ်ဦး (စိစစ်ဆဲ) အား အကြမ်းဖက်သမား (စိစစ်ဆဲ) က သေနတ်၊ ဓားများဖြင့် ပစ်ခတ် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ၍ သေဆုံးသူအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ ဧပြီ ၂၈ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ဖောင်းကတောကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီး တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဒေါ်ဝိုင်း(၇၆)နှစ်သည် ၎င်း၏ နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး (စိစစ်ဆဲ) က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့၍ ဒေါ်ဝိုင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Featured