Language: Myanmar English

Featured

PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့အရပ်သားပြည်သူများအား သေနတ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်

     တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား လူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများပြုလုပ်လျက်ရှိပါသည်။
     ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၉ ရက် နံနက် ၈ နာရီ ၄၀ မိနစ်တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ပြည်သူ့ဆေးရုံသို့ သေနတ်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦး ရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မံစီမြို့နယ်၊ ကုန်းတိန် ကျေးရွာနေ ဦးမင်းကျော်မြင့် မောင်းနှင်သည့် ထော်လာဂျီယာဉ်ပေါ်တွင် ဇနီးဒေါ်ခင်နှောင်းချမ်းမြေ့ (၅၁)နှစ်နှင့် သား မောင်မင်းအောင်ခန့်ကျော်တို့ လိုက်ပါလာစဉ် မံစီမြို့၊ ကောင်ရာရပ်ကွက်သို့အရောက် KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က သေနတ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒေါ်ခင်နှောင်းချမ်းမြေ့တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     အလားတူ နံနက် ၉ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ မြို့မရပ်ကွက်၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဝဇီယာရပ်ကွက်နေ ရာအိမ်မှူး ဦးနိုင်မျိုးထွန်း (၅၀)နှစ်သည် စစ်ကွင်းမြို့ဈေးအတွင်း ဈေးဝယ်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမား သုံးဦးက ဆိုင်ကယ်နှစ်စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးနိုင်မျိုးထွန်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ရွှေတောင်မြို့၊ အမှတ်(၆)တပ်မတော်ဆေးရုံ (ခုတင်-၁၀၀)သို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။
     ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။