Language: Myanmar English

Featured

အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိ

     တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ အရပ်သားပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်း စသည့်အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မေ ၂၀ ရက် မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာသို့ KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ မကေသွယ်(၁၈)နှစ်၊ ဦးကျော်ဦး(၅၆)နှစ်၊ ဒေါ်ပုလေး(၄၅)နှစ်၊ မသဇင်လင်း(၂၂)နှစ်၊ မောင်စိုးလင်းခန့်(၅)နှစ်နှင့် မောင်ဇွဲမာန်အောင် (၉)နှစ်တို့ ခြောက်ဦးတွင် လက်နက်ကြီးဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ကိုဇော်မျိုးဝင်း(၂၈)နှစ်၊ ဒေါ်တင်မာ(၅၅)နှစ်၊ ကိုအောင်မင်းထွန်း (၂၅)နှစ်၊ မမိအဲ(၂၅)နှစ်၊ ဦးမောင်ဆင့် (၅၂)နှစ်၊ ဒေါ်မြင့်ဌေး(၅၂)နှစ်၊ မသဇင်ဝင်း(၂၅)နှစ်၊ မကျော့ကေခိုင် (၁၉)နှစ်၊ ဦးပိုက်(၇၂)နှစ်၊ မယမင်းရွှေစင် (၈)နှစ်နှင့် ဒေါ်ကေသီသိမ့်(၂၃)နှစ်တို့ ၁၁ ဦးတွင် လက်နက်ကြီး ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဝိုင်းမော်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     အလားတူ ည ၉ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ အေးသာယာကျေးရွာသို့ KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းသို့ ရှော့တိုက်ဒုံး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဒေါ်စန်းယု(၅၁)နှစ်၊ မနော်အယ်လီစဘက် (၁၄)နှစ်၊ မနော်ဝါးဆက်ဖော(၁၅)နှစ်နှင့် မောင်စောတောနီလင်း(၄)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ပိန်းဇလုပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     အလားတူ ည ၉ နာရီ ၄၅ မိနစ်တွင် ညောင်လေးပင်မြို့နယ်၊ ထော်နွတ်ကျေးရွာသို့ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းသို့ ရှော့တိုက်ဒုံး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဒေါ်အေးအေး(၆၃)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ညောင်လေးပင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     အထက်ပါဖြစ်စဉ်များမှ အပြစ်မဲ့ ပြည်သူများအား သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိအောင် လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။