တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မေ ၂၁ ရက် နံနက် ၈ နာရီ ၁၅ မိနစ်တွင် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ သဗြေချောင်းကျေးရွာနေ ကိုနိုင်စိုး(ခ)သားကြီးလေး(၃၄)နှစ်နှင့် ဇဟာကျေးရွာနေ ကိုအေးမင်းထွန်း(၂၉)နှစ်တို့သည် TOYOTA HILUX VIGO မော်တော်ယာဉ်ဖြင့် သဗြေချောင်း ကျေးရွာမှ ရေဖြူမြို့နယ်၊ ဇီးကျကျေးရွာသို့ ထွက်ခွာလာစဉ် ရေး-ထားဝယ်သွား ကားလမ်းမပေါ် အရောက် PDF အမည်ခံ အကြမ်းဖက်သမား ၁၀ ဦး (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ကိုနိုင်စိုး(ခ) သားကြီးလေးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ထားဝယ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်းနှင့် ကိုအေးမင်းထွန်းတွင် ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဥသျှစ်ကုန်း ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးတင်လင်း(၅၄)နှစ်သည် ၎င်း၏သား ကိုထက်လင်းအောင်(၂၈)နှစ်နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ငါးဦး (စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးတင်လင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ကိုထက်လင်းအောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မကွေးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၃ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ဧမတွင်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦး သေဆုံးကာ အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ အုတ်တွင်းကုန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်း(၅၆)နှစ်သည် ၎င်း၏ဇနီး ဒေါ်သန်းသန်းလွင်(၅၃)နှစ်၊ အုတ်ဖိုမြို့နယ်၊ မြို့မရပ်ကွက်နေ ကိုဖြိုးဝေဇင်(၃၂)နှစ်၊ မင်းလှမြို့နယ်၊ ကညင်ပင်ကျေးရွာနေ ကိုပြည့်စုံလွင်စိုး(၃၀)နှစ်တို့နှင့်အတူ ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား လေးဦး (စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ကိုဖြိုးဝေဇင်နှင့် ကိုပြည့်စုံလွင်စိုးတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဒေါ်သန်းသန်းလွင်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့၍ သေဆုံး၊ ဒဏ်ရာရရှိသူများအား ကြို့ပင်ကောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းနှင့် ဦးခင်မောင်ဝင်းတွင် ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများအား အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Featured