တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မေ ၂၅ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ထောက်ရှာကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဒေါ်ခင်သင်းကြည် (၄၄) နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား လေးဦး (စိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ နေအိမ်ရှိ ငွေ ၁၀ သိန်းကျပ်၊ ရွှေဆွဲကြိုး နှစ်ကုံး၊ ရွှေလက်စွပ် တစ်ကွင်း၊ ရွှေနားကပ် တစ်ရံ ၊ Honda Wave 110 ဆိုင်ကယ် တစ်စီး၊ Honda Super Four ဆိုင်ကယ် တစ်စီး၊ Redmi ဖုန်း တစ်လုံးတို့အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်ခင်သင်းကြည်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မေ ၂၆ ရက် နံနက် ၅ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ကျားမွေးကျေးရွာနေ ဆယ်အိမ်မှူး ဦးတင်ဌေး (၄၈) နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး (စိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ နေအိမ်ရှိ ဆိုင်ကယ် နှစ်စီးအား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် ဦးတင်ဌေးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၅ နာရီခွဲတွင် မင်းလှမြို့နယ်၊ စမ်းလယ်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးကံထူး (၅၉) နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး (စိစစ်ဆဲ) က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး ကျေးရွာအပြင်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကာ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးကံထူးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Featured