Language: Myanmar English

Featured

PDF အမည်ခံ အကြမ်းဖက်သမားများက သာသနာ့အနွယ်ဝင် သံဃာတော်တစ်ပါးနှင့် အပြစ်မဲ့ အရပ်သား ပြည်သူတစ်ဦးအား အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

     တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မေ ၂၇ ရက် နံနက် ၇ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ထနောင်းကိုင်းကျေးရွာအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမား အင်အား ၂၀ ဦးခန့်က ဆိုင်ကယ်၊ မော်တော်ယာဉ်များဖြင့် ဝင်ရောက်လာပြီး အဆိုပါကျေးရွာနေ ဦးမြင့်ဝင်း(၅၈)နှစ်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ နေအိမ်ရှိ လက်ကိုင်ဖုန်း ခြောက်လုံး၊ ဆိုင်ကယ် နှစ်စီး၊ ငွေကျပ် သိန်း ၃၀၊ လက်တော့(ပ်)ကွန်ပျူတာ တစ်လုံး၊ Drone ယာဉ် တစ်စီး၊ ကင်မရာ တစ်လုံး တို့အားလည်းကောင်း၊ ကျေးရွာရှိ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးသောဘိတ(၄၆)နှစ် (၂၆)ဝါအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ဘုန်းကြီးကျောင်းရှိ ဆိုင်ကယ် တစ်စီး၊ လက်ကိုင်ဖုန်း နှစ်လုံးတို့အားလည်းကောင်း လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် ဦးမြင့်ဝင်းနှင့် ဆရာတော် ဥူးသောဘိတတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
     ထိုသို့ သာသနာ့အနွယ်ဝင် သံဃာတော်နှင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။