Language: Myanmar English

Featured

PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့အရပ်သား ပြည်သူများအား အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

     တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား လူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မေ ၂၉ ရက် ည ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စက်ထိပ်ကျေးရွာနေ ကိုဇော်လင်းထွန်း(၃၃)နှစ်သည် ၎င်း၏နေအိမ်မှ ကျေးရွာ၏ မြောက်ဘက်ရှိ မိခင်ဖြစ်သူ ဒေါ်တင်ဌေး၏နေအိမ်သို့ စက်ဘီးဖြင့် သွားရောက်စဉ် အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     အလားတူ မေလ ၃၀ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကျောက်ခွက်ကျေးရွာနေ ဒေါ်သန်းသန်းဌေး(၄၂)နှစ်၊ သား မောင်ဉာဏ်လင်းထက် (၂)နှစ်နှင့် သမီး မဝါရီအောင် (၁၇)နှစ်တို့သည် ကျေးရွာ၏အနောက်ဘက်ရှိ ယာခင်းအတွင်း ရှိနေစဉ် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ၎င်းတို့သုံးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     အလားတူ ည ၁၂ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ သပြေငူကျေးရွာ၌ သေနတ်၊ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်ခံရ၍ အမျိုးသားနှစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးစိန်သောင်း(၆၅)နှစ်နှင့် ဦးဝမ်းထွန်း (၆၅)နှစ်တို့သည် ၎င်းတို့၏နေအိမ်အသီးသီး၌ အိပ်ပျော်နေစဉ် ကျေးရွာအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားငါးဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်၊ ဓားများဖြင့် ဝိုင်းဝန်းပစ်ခတ်၊ ထိုးခုတ် သွားခဲ့သဖြင့် ဦးစိန်သောင်းနှင့် ဦးဝမ်းထွန်းတို့တွင် ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

mpf1 1

mpf1 2

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ သပြေငူကျေးရွာ၌ သေနတ်၊ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်ခံရ၍ အမျိုးသားနှစ်ဦးသေဆုံးမှုမှတ်တမ်းဓာတ်ပုံ။