Language: Myanmar English

Featured

PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်

     တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား လူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများပြုလုပ်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန် ၆ ရက် နံနက် ၉ နာရီ ၁၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ဦးဇော်ဇော်(၆၁)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဇော်ဇော်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     အလားတူ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ညောင်ဝန်းကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးကာ အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျောက်ဆည်မြို့နယ်၊ သင်ပျိုကျေးရွာနေ ဦးသိန်းဆွေ(ခ)ဗူးလွယ်(၅၅)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်သက်နွယ်(၅၁)နှစ် နှင့်အတူ ကျောက်ဆည်မြို့မှ ၎င်းတို့၏နေအိမ်သို့ ဆိုင်ကယ်တစ်စီးဖြင့် ပြန်လာစဉ် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က လားရာတူ နောက်မှဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်လိုက်ပါလာပြီး သေနတ်ဖြင့်ပစ်ခတ်၍ ဆိုင်ကယ်တစ်စီးနှင့် ဖုန်းတစ်လုံးအား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် ဦးသိန်းဆွေတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဒေါ်သက်နွယ်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့၍ သေဆုံး၊ ဒဏ်ရာရရှိသူများအား ကျောက်ဆည်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

1

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍
အမျိုးသား တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။

2

3

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ညောင်ဝန်းကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍

အမျိုးသား တစ်ဦး သေဆုံး၍ အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။