တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား လူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန် ၁၅ ရက် နံနက် ၁၁ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကုန်းခြားကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဇွန် ၁၂ ရက် နံနက် ၄ နာရီတွင် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဦးအောင်ကိုစန်း(၄၂)နှစ်နှင့် ဦးချစ်ထွေး (၄၃)နှစ်တို့သည် ၎င်းတို့၏နေအိမ်အသီးသီး၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား အင်အား ၅၀ ဦးခန့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဇွန် ၁၆ ရက် နံနက် ၆ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဇီးပင်ကန်ကျေးရွာနှင့် အင်ကြင်းသေးတောကျေးရွာသွား မြေသားလမ်းဘေး၌ အမျိုးသမီး တစ်ဦး ဒဏ်ရာများဖြင့်သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဇွန် ၁၄ ရက် နံနက် ၉ နာရီတွင် တောင်သာမြို့နယ်၊ ကျောက္ကာ(တောင်)ကျေးရွာနေ ဒေါ်လှလှဌေး (၄၃)နှစ်သည် ၎င်း၏နေအိမ်မှ အင်ကြင်းသေးတောကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းသွားရောက်စဉ် ဇီးပင်ကန်ကျေးရွာနှင့် အင်ကြင်းသေးတောကျေးရွာသွား မြေသားလမ်းအရောက် အကြမ်းဖက်သမားများ (စိစစ်ဆဲ)က ဓားဖြင့် ထိုးခုတ်သတ်ဖြတ်၍ ဆိုင်ကယ် တစ်စီးနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်လှလှဌေးတွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၌ ဓားဖြင့် ထိုးခုတ်ခံရ၍
အမျိုးသမီး တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။