Language: Myanmar English

Featured

PDF အမည်ခံ အကြမ်းဖက်သမားများက အေးချမ်းစွာနေထိုင်လျက်ရှိသော အပြစ်မဲ့ အရပ်သား ပြည်သူများအား အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

     တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ အရပ်သားပြည်သူများအား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
     ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန် ၂၂ ရက် နံနက် ၁၀ နာရီတွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကုန်းခြားကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီး တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ အဆိုပါကျေးရွာနေ ဒေါ်ဝေ(၃၆)နှစ်သည် ဆင်ဖြူကျွန်းမြို့မှ ၎င်း၏နေအိမ်သို့ပြန်လာစဉ် ကျေးရွာ၏ ရွာလယ်လမ်းအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဒေါ်ဝေတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     အလားတူ ဇွန် ၂၃ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် ဆင်ပေါင်ဝဲမြို့နယ်၊ သပြေစမ်းကျေးရွာအနီး၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသမီး တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဆင်ပေါင်ဝဲမြို့နယ်၊ ဆင်မြူးအောင်ကျေးရွာနေ ဒေါ်အုန်းမြင့်(၆၁)နှစ်သည် ၎င်း၏နေအိမ်မှ သပြေစမ်းကျေးရွာသို့ ထွက်ခွာလာစဉ် သပြေစမ်းကျေးရွာ၏အနောက်ဘက် တစ်ဖာလုံခန့်အကွာ ကိုးပင်-သာဂရကားလမ်းဘေးအရောက် PDF အမည်ခံ အကြမ်းဖက်သမား လေးဦး (စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်အုန်းမြင့်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 

1

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီး တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။