Language: Myanmar English

Featured

PDF အမည်ခံ အကြမ်းဖက်သမားများက နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

     တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ အရပ်သားပြည်သူများအား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများပြုလုပ်လျက်ရှိပါသည်။
     ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန် ၂၄ ရက် နံနက် ၁၁ နာရီ ၅ မိနစ်တွင် မကွေးတိုင်း ဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဖျောက်ဆိပ်ကုန်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးညွန့်ဝင်း(၅၄)နှစ်သည် တစ်ရွာတည်းနေ ရပ်ကွက်/ကျေးရွာစာရေးဖြစ်သူ ဒေါ်ဌေးဌေးမြင့်(၅၆)နှစ်၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး (စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဦးညွန့်ဝင်းနှင့် ဒေါ်ဌေးဌေးမြင့်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ဒေါ်ဌေးဌေးမြင့် ဝတ်ဆင်ထားသည့် ရွှေလက်ကောက် ရှစ်ကွင်း၊ ရွှေလက်စွပ် နှစ်ကွင်း၊ ဆွဲသီးပါ ရွှေဆွဲကြိုး တစ်ကုံး တို့အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
     အလားတူ နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ကုန်သည် ရပ်ကွက်ရှိ “ဦးလေးကြီး” ကွမ်းယာဆိုင်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်နိုင်(၅၄)နှစ်သည် ၎င်း၏နေအိမ်မှ ကွမ်းယာဝယ်ရန် ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် “ဦးလေးကြီး” ကွမ်းယာဆိုင်ရှေ့အရောက် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးအောင်နိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ကွမ်းယာဆိုင်အနီးရောက်ရှိနေသည့် ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့နေ ဦးနေဇင်လတ်(၄၃)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဒဏ်ရာရရှိသူအား ပြွန်တန်ဆာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     အလားတူ ည ၈ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ဒါးရယ်ကောင်း ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျွဲဆွဲကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြဆရာမဖြစ်သူ မခိုင်ဇာလင်း(၃၃)နှစ်သည် ၎င်း၏နေအိမ်၌ အစ်ကိုဝမ်းကွဲဖြစ်သူ ဦးဇော်ဇော်ဝင်း(၄၀)နှစ်နှင့်အတူရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား သုံးဦး (စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မြစ်သားမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     အလားတူ ဇွန် ၂၅ ရက် နံနက် ၆ နာရီ ၁၀ မိနစ်တွင် ညောင်ဦးမြို့နယ်၊ ချောင်းရှည်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ သေဆုံးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးအောင်ဆန်းဦး (၅၂)နှစ်သည် ဇနီးဖြစ်သူ ဒေါ်ခိုင်ခိုင်ဝင်း(၄၉)နှစ်၊ သားဖြစ်သူ ညောင်ဦးမြို့နယ်မြေစာရင်းရုံးမှ မြေတိုင်း အဆင့်-၄ ကိုညီညီလင်း(၂၈)နှစ်၊ သမီးဖြစ်သူ မခင်မြတ်မြတ်ဦး (၂၅)နှစ်တို့နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ရှစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ကာ ဆိုင်ကယ်နှစ်စီးအား လုယက်ယူဆောင်သွားခဲ့သဖြင့် ဦးအောင်ဆန်းဦး၊ ကိုညီညီလင်းနှင့် မခင်မြတ်မြတ်ဦးတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဒေါ်ခိုင်ခိုင်ဝင်းမှာ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း သိရသည်။
     ထိုသို့ နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အေးချမ်းစွာနေထိုင် လျက်ရှိသော အပြစ်မဲ့ အရပ်သား ပြည်သူများအား “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူ များအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

mpf1 1

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိမှုမှ သေဆုံးသူ အမျိုးသား တစ်ဦး၏ မှတ်တမ်းဓာတ်ပုံ။

mpf1 2

mpf1 3

mpf1 4

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးသေဆုံးမှု မှတ်တမ်းဓာတ်ပုံ။