တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ အရပ်သားပြည်သူများအား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများပြုလုပ်လျက်ရှိပါသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန် ၂၅ ရက် နံနက် ၉ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ပန်းတင်ကျေးရွာနေ ဒေါ်မြတ်မြတ်ချို(၄၈)နှစ်နှင့် တစ်ရွာတည်းနေ ဒေါ်နိုင်နိုင်မော်(၃၁)နှစ်တို့သည် စဉ့်ကူးမြို့မှ မန္တလေးမြို့သို့ မန္တလေး-မိုးကုတ်ကားလမ်းအတိုင်း Hijet ယာဉ်ဖြင့် ထွက်ခွာလာစဉ် ကားလမ်းမိုင်တိုင်အမှတ် ၂၈ မိုင် ၁ ဖာလုံ၊ မတ္တရာမြို့နယ်၊ စိုက်ကွင်းကျေးရွာ အနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒေါ်မြတ်မြတ်ချိုတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဒေါ်နိုင်နိုင်မော်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ ည ၈ နာရီ ၅၅ မိနစ်တွင် ပုသိမ်ကြီးမြို့နယ်၊ တိုတက်ကုန်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကိုငြိမ်းအေး(ခ)ပေါက်စ (၃၇)နှစ်သည် ကျေးရွာလမ်းမပေါ်၌ လမ်းလျှောက် နေစဉ် ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သမား အမျိုးသား နှစ်ဦး (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ကိုငြိမ်းအေး(ခ)ပေါက်စတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ ည ၉ နာရီ ၁၀ မိနစ်တွင် မတ္တရာမြို့နယ်၊ စကျင်ကျေးရွာ၌ သေနတ်၊ ဓားဖြင့် ပစ်ခတ်ထိုးခုတ်ခံရ၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးဌေးသူ(၆၃)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဇင်ဝေသွယ်(၅၆)နှစ်နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက် သမား ခုနစ်ဦး (စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်၊ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ အရပ်သား ပြည်သူများအား “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီး တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။