Language: Myanmar English

Featured

အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် သံဃာတော်တစ်ပါးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိ

     တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကို လိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ်သားပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန် ၂၉ ရက် ညနေ ၄ နာရီ ၅ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရေကျော်ကျေးရွာသို့ အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါကျေးရွာရှိ ဓမ္မဒူတဘုန်းကြီးကျောင်းပေါ်သို့ စိန်ပြောင်းဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဘုန်းကြီးကျောင်းအတွင်းရှိနေသည့် စာသင်သားကိုရင်ဖြစ်သူ ရှင်သုစိတ္တ(ခ)ရဲဝင်းမောင်(၁၀)နှစ်(၃)ဝါနှင့် ဘုန်းကြီးကျောင်းဝေယျာဝစ္စ လာရောက်လုပ်ကိုင်ပေးသူ ဒေါ်သီတာချို(၄၉)နှစ်တို့တွင် ပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့ပြီး ညနေ ၆ နာရီတွင် ရှင်သုစိတ္တ(ခ)ရဲဝင်းမောင်မှာ ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။
     အထက်ပါဖြစ်စဉ်မှ ကျေးရွာအတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။