ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သို့ မောင်းနှင်ထွက်ခွာ လာသည့် ခရီးသည်တင်ယာဉ်များအား ၂၀၂၄ ခုနှစ်၊ ဇွန် ၃၀ ရက် နံနက်ပိုင်းတွင် ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာ အနီး၌ PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ခရီးသွားပြည်သူအချို့ သေဆုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ရန်ကုန် - မုံရွာ ပြေးဆွဲလျက်ရှိသည့် ရွှေစင်စင်္ကြာ ခရီးသည်တင်ယာဉ်၊ စိန်ဌေးလှိုင် ခရီးသည်တင်ယာဉ်၊ နယူးစွမ်း ခရီးသည်တင်ယာဉ်၊ FAMOUS ခရီးသည်တင်ယာဉ် သုံးစီး၊ ရွှေမန္တလာ ခရီးသည်တင်ယာဉ်နှင့် ရွှေသလ္လာ ခရီးသည်တင်ယာဉ်၊ စုစုပေါင်း ခရီးသည်တင်ယာဉ် ရှစ်စီးတို့သည် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ကြပြီး ဇွန် ၃၀ ရက် နံနက် ၈ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦး မြို့နယ်၊ ငါးယှန်ကျေးရွာအနီး ဖြတ်ကျော်စဉ် ကျေးရွာ၏ အရှေ့ဘက်ထိပ်အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထိုကဲ့သို့ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ခရီးသွားပြည်သူ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ရပြီး သံဃာတော် တစ်ပါးနှင့် အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။
ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ မုံရွာမြို့နှင့် ချောင်းဦးမြို့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးကိစ္စရပ်များနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး အမြန်ဆုံး သွားရောက်ခဲ့ရာ ငါးယှန်ကျေးရွာ၏အရှေ့ဘက် မီတာ ၂၀၀၀ ခန့်အကွာ မန္တလေး - မုံရွာ လမ်းမကြီးပေါ်၌ အသင့်စောင့်ဆိုင်းနေရာယူထားသည့် PDF အမည်ခံ အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများသည် မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ခရီးသည်တင်ယာဉ်များ ပစ်ခတ်တိုက်ခိုက်ခံရသည့် ပတ်ဝန်းကျင်နေရာတစ်ဝိုက်အား နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက အမြန်ဆုံးသွားရောက်၍ လိုအပ်သည်များဆောင်ရွက်ခဲ့ရာ ပေါက်ကွဲမှု မရှိသေးသည့် လက်လုပ်မိုင်းမျိုးစုံ အလုံး ၃၀ အား ဖော်ထုတ်သိမ်းဆည်းရမိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ခရီးသွားပြည်သူများအား မုံရွာမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူနိုင်ရေး ဆောင်ရွက်ပေးခဲ့သည်။
ဆေးရုံသို့ ရောက်ရှိလာသည့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ခရီးသွားပြည်သူများအား စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည့်ဆေးကုသမှုများ ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သည့် အေးချမ်းစွာ ခရီးသွားလာလျက်ရှိသော အများပြည်သူများ၏ အသက်အန္တရာယ် ထိခိုက်သေကြေသည်အထိ စက်ဆုပ်ရွံရှာဖွယ် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် CRPH၊ NUG တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများအား ချေမှုန်းနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်း၊ ဆုတ်ခွာသွားသော အကြမ်းဖက်သမားများနောက်သို့ လိုက်လံချေမှုန်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်းများကို တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍ တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီး PDF အမည်ခံ အကြမ်းဖက်သမားများက ခရီးသည်တင်ယာဉ်များအား
မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော် တစ်ပါး အပါအဝင် ခရီးပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု။
ခရီးသည်တင်ယာဉ်များ ပစ်ခတ်တိုက်ခိုက်ခံရသည့် ပတ်ဝန်းကျင်နေရာတစ်ဝိုက်တွင် ပေါက်ကွဲမှုမရှိသေးသည့်
လက်လုပ်မိုင်းမျိုးစုံ အလုံး ၃၀ ကို ဖော်ထုတ်သိမ်းဆည်းရမိမှု။
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီး၌ PDF အမည်ခံ အကြမ်းဖက်သမားများ
မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခံရသည့် ခရီးသည်တင်ယာဉ်များ။