Language: Myanmar English

Featured

PDF အမည်ခံ အကြမ်းဖက်သမားများက မြိုင်မြို့နယ်ရှိ သရက်ကွကျေးရွာအတွင်းသို့ လက်လုပ်ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူများ၏ လူနေအိမ် ၇ လုံး ထိမှန် ပျက်စီးဆုံးရှုံး

     အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၄ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်မှ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အထိ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်ရှိ သရက်ကွကျေးရွာအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းသို့ ရှော့တိုက်ဒုံးသီး ၂၀ လုံး၊ ကျေးရွာ၏မြောက်ဘက်ရှိ ယာခင်းအတွင်းသို့ ရှော့တိုက်ဒုံးသီး ငါးလုံးတို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဦးကျော်လွင်(၅၁)နှစ်ပါ ဒေသခံပြည်သူ ခုနစ်ဦးတို့၏ လူနေအိမ် ခုနစ်လုံးတို့တွင် ရှော့တိုက်ဒုံးသီးများ ထိမှန်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
     ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် မြို့၊ ရပ်ကွက်၊ ကျေးရွာများရှိ လူနေအိမ်များ ထိခိုက်ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာ ဒေသခံပြည်သူများက ထိုသို့ အကြမ်းဖက်လုပ်ရပ်များကို လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။