Language: Myanmar English

Featured

အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လားရှိုးမြို့အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် သံဃာတော်များ အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိ

     အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက် သမားများက အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများ ဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၆ ရက် နံနက် ၈ နာရီခွဲမှ ၁၁ နာရီထိ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်းသို့ အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမှတ်(၇)ရပ်ကွက်ရှိ စိတ္တသုခဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ရှော့တိုက်ဒုံး တစ်လုံး၊ အမှတ်(၅)ရပ်ကွက်ရှိ “ဂျိမ်းဖောသူ” စားသောက်ဆိုင်ရှေ့ လမ်းမပေါ်သို့ ရှော့တိုက်ဒုံး တစ်လုံး၊ အမှတ်(၅)ရပ်ကွက်ရှိ (၂၄)လမ်းမပေါ်သို့ ရှော့တိုက်ဒုံး တစ်လုံးတို့ အသီးသီး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမှတ်(၅)ရပ်ကွက်နေ ကိုထောင်လွန်း (၂၃)နှစ်တွင် ပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး အမှတ်(၇)ရပ်ကွက်၊ စိတ္တသုခဘုန်းကြီးကျောင်းမှ သံဃာတော်များဖြစ်သည့် အရှင်အာဆာရ(၁၁)နှစ်ပါ ရှင်သာမဏေ သုံးပါးနှင့် အမှတ်(၅)ရပ်ကွက်နေ မနန်းထွန်းနောင်(၈)နှစ်၊ မောင်ကောင်းဆန်း(၁၄)နှစ်၊ ဒေါ်စိန်(၇၃)နှစ်၊ မနန်းအေးဟုန်(၃၈)နှစ်၊ ဒေါ်ထွေးရင်(၅၇)နှစ်နှင့် ဒေါ်အေးကျိန်(၉၈)နှစ်၊ အမှတ်(၁၀)ရပ်ကွက်နေ ကိုစိုင်းလင်းမိန်(၂၉)နှစ်၊ မောင်ဆန်းလင်းဖြိုး(၁၈)နှစ်၊ မအေးလူ(၁၄)နှစ်နှင့် မတုံဆိုင်းလျှံ(၃၈)နှစ်တို့တွင် ပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ သေဆုံး၊ ဒဏ်ရာရရှိသူများအား လားရှိုးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် သံဃာတော်များအပါအဝင် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက် ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။