Language: Myanmar English

Featured

အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် လူနေအိမ်များပျက်စီးကာ သံဃာတော်များအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိ

     အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများ ဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၃ ရက် နံနက် ၁၁ နာရီခွဲမှ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အထိ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ မြို့မရပ်ကွက်အတွင်းသို့ TNLA လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မြို့မရပ်ကွက်အတွင်း ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်ရှိ လူနေအိမ် နှစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး “မစိုးရိမ်” ဘုန်းကြီးကျောင်းတိုက်မှ စာသင် သံဃာတော် ဥူးမာနိတ(၂၄)နှစ် (၄)ဝါတွင် ရှော့တိုက်ဒုံးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိကာ ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။
     အလားတူ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိထားသည့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဇူလိုင် ၁၂ ရက် ည ၇ နာရီတွင် မတ္တရာမြို့နယ်၊ ပုလိပ်ကုန်းကျေးရွာသို့ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ (စိစစ်ဆဲ)က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက် ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဦးသိန်းကိုကို(၃၂)နှစ်၊ ဒေါ်ဆွေဆွေမွန်(၄၉)နှစ်နှင့် ဒေါ်ဆွေဆွေဝင်း (၄၃)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ဇူလိုင် ၁၃ ရက် မွန်းလွဲ ၁ နာရီတွင် မြောင်းသစ်ကျေးရွာသို့ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ (စိစစ်ဆဲ)က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဒေါ်စန်းစန်းဌေး(၅၂)တွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် သံဃာတော်များအပါအဝင် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်း မရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။